အထီးကျန်ဆန်လွန်းတာကြောင့် ရည်းစားရဖို့ အိမ်ရှေ့မှာဆိုင်းဘုတ်တပ်ကြော်ငြာခဲ့တဲ့ ၆၅နှစ်အရွယ် အဖွားအို

ထိုင်းနိုင်ငံ Ubon Ratchathaniပြည်နယ်ရှိအသက်၆၅နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ သူမရဲ့ကျန်ရှိနေတဲ့ဘဝနဲ့အတူတူဖြတ်သန်းပေးနိုင်မယ့် အမျိုးသားတစ်ဦးရှာဖွေနေကြောင်းကိုကြော်ငြာထားခဲ့ပြီးနောက် သူမရဲ့သတင်းဟာ လူသိများကျော်ကြားသွားခဲ့ပါတယ်။

Sompong Chomphupraphet အမည်ရှိတဲ့အဆိုပါအမျိုးသမီးနဲ့တွဲရိုက်ထားတဲ့အမျိုးသားတစ်ဦးရဲ့ဓာတ်ပုံ အင်တာနက်ပေါ်တက်လာတာကြောင့် လူအများက အတော်လေး အံ့ဩသွားခဲ့ကြပါတယ်။လူအချို့က သူမရဲ့ဘဝအတွက်ရည်းစားအသစ်ရှာတွေ့သွားပြီလို့ထင်နေကြပေမဲ့ တစ်ကယ်တော့ အဆိုပါအမျိုးသားက သူမနဲ့ဓာတ်ပုံအရမ်းတွဲရိုက်ချင်နေခဲ့တဲ့သူမရဲ့ပရိသတ်ကြီးဖြစ်နေခဲ့ပါတယ်။

သူမက “အသက် ၆၀-၇၀ အရွယ်၊ဖော်ရွေသဘောကောင်းတဲ့ရည်းစားတစ်ယောက်အလိုရှိသည်”ဆိုတဲ့ဆိုင်းဘုတ်ကို သူမရဲ့အိမ်ရှေ့သံပန်းတံခါးမှာ တပ်ဆင်ကြေငြာထားခဲ့တာပါ။သူမလက်ထပ်ခဲ့ပေမယ့် အဆင်မပြေတဲ့အိမ်ထောင်ရေးကိုဖြတ်သန်းခဲ့ရပြီးနောက် တစ်ကိုယ်တည်းအထီးကျန်လာတာကြောင့် အခုလို ကြေငြာရခြင်းဖြစ်ပါတယ်တဲ့လေ။ Sompong ဟာ တစ်ချိန်က လေတပ်အရာရှိနဲ့လက်ထပ်ခဲ့ပြီး ကလေးနှစ်ယောက်ရခဲ့ပေမဲ့ ခင်ပွန်းရဲ့အရက်အလွန်အကြူးသောက်တတ်တဲ့ပြဿနာကြောင့် နောက်ဆုံးသူတို့ရဲ့ဆက်ဆံရေးပြတ်တောက်သွားခဲ့ကြောင်း AsiaOneက ဖော်ပြထားပါတယ်။

ကွာရှင်းပြတ်စဲသွားပြီးနောက်မှာတော့ သူမဟာ ဂျာမနီနိုင်ငံသားတစ်ဦးနဲ့ထပ်တွေ့ခဲ့ပြီး ချစ်ကြိုက်သွားခဲ့ကြပါတယ်။အဲ့တာနဲ့ သူတို့နှစ်ဦးလက်ထပ်ခဲ့ကြပြီး သူမဟာ ဂျာမနီနိုင်ငံသို့လိုက်သွားခဲ့ကာ ၁၃နှစ်အကြာနေထိုင်ခဲ့ပါတယ်။ဒါပေမဲ့ Sompongဟာ သူမရဲ့ဒုတိယမြောက်အမျိုးသားကိုလည်း ကွာရှင်းခဲ့ပြီး ထိုင်းနိုင်ငံကို ပြန်လာခဲ့ပါတယ်။Sompongဟာ အခုအချိန်မှာတော့ တစ်ကိုယ်တည်းဖြစ်နေပြီး သူမရဲ့နောက်ဆုံးထွက်သက်အထိ အတူတူရှိပေးနေမယ့်လူကိုလည်း ရှာဖွေနေဆဲဖြစ်ပါတယ်။တစ်ကိုယ်တည်းသမားလေးတွေလည်း ဒီအဖွားရဲ့နည်းလမ်းလို လိုက်လုပ်ကြည့်ကြပါ ရလိုရငြားပေါ့လေ။

Be the first to comment

Leave a Reply

Your email address will not be published.


*