
အဖေတွေက သားထက် သမီးကို ပိုချစ်ကြတယ်ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ မိန်းကလေးတွေအတွက်လည်း အဖေနဲ့တူတဲ့ယောကျ်ားတွေက ခက်ရှားရှားပါပဲ။
ဘာလို့လဲဆိုရင် အဖေတွေက သမီးတွေကို ဘယ်ယောကျ်ားတွေကမှ မချစ်နိုင်တဲ့အချစ်မျိုးနဲ့ ချစ်ကြလို့ပါ။ အဖေတွေက သားသမီးတွေနဲ့ ပတ်သက်လာရင် ကမ္ဘာပေါ်မှာ အကောင်းဆုံးဟီးရိုး၊ အကောင်းဆုံးလူရွှင်တော်ကြီးပေါ့။ အဲဒီလိုပဲ မိန်းကလေးတစ်ဦးရဲ့ဖခင်ကလည်း သူ့သမီးနဲ့ပတ်သက်ပြီး သူ့ရဲ့ဟာသဉာဏ်ကြောင့် လူမှုကွန်ယက်အကောင့်မှာ လူပြောများလို့နေပါတယ်။
ကော့တ်နေး ပေနီ (Courtney Payne) ဆိုတဲ့ မိန်းကလေးရဲ့ဖခင်က သူ့ကို လေဆိပ်လာကြိုတဲ့အခါတိုင်း ရယ်စရာကောင်းတဲ့အဝတ်အစားတွေ၊ ဟာသစာသားဆိုင်းဘုတ်တွေနဲ့ လာကြိုတတ်ပါတယ်။ အဲဒီမိန်းကလေးက သူ့အဖေ အဲဒီလိုလုပ်ပြီး လာကြိုတဲ့ပုံတချို့ကို လူမှုကွန်ယက်အကောင့်မှာ တင်ခဲ့ရကနေ လူသိသွားခဲ့တာဖြစ်ပါတယ်။
ကော့တ်နေး အိမ်ကို အလည်ပြန်လာတဲ့အခါတိုင်း သူ့အဖေက လေဆိပ်ကို လာကြိုရတာကိုပဲ အမြဲပျော်ရွှင်နေတာပါ။ လက်ရှိမှာတော့ ကော့တ်နေးက ဘွဲ့ရတော့မှာဖြစ်ပြီး သူ့မိဘတွေနဲ့အတူ မနေထိုင်ပါဘူး။ ဒါကြောင့် သူ အိမ်ပြန်လာတဲ့အချိန်တိုင်း သူ့အဖေက မှတ်တရတွေ ဖန်တီးပေးပါတယ်။
သူ့အဖေက သူ့သမီးပြန်လာရင်း သွားကြိုဖို့အတွက် သီးသန့်ပြုလုပ်ထားတဲ့ အဝတ်အစားကို ဝတ်ဆင်ပြီး လေဆိပ်လာကြိုတဲ့ပုံကို ကော့တ်နေးက “ကျွန်မရဲ့အဖေက ကျွန်မကို လေဆိပ်လာကြိုတဲ့အချိန်တိုင်း အမှတ်အသားလုပ်ပါတယ်” ဆိုတဲ့စာသားနဲ့ တွစ်တာမှာ တင်ခဲ့ပါတယ်။ပြီးခဲ့တဲ့အခေါက် ကော့တ်နေးဟာ Kansas City လေဆိပ်ကို ရောက်တော့ “Santa’s Naughty List” မှာ သူ့နာမည်ရေးထားတဲ့စာသားနဲ့ ဆိုင်းဘုတ်ကို ကိုင်ပြီး နတ်သူငယ်လို ဝတ်ဆင်ထားတဲ့ သူ့အဖေကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒီကို မြင်တော့ နည်းနည်းတော့ ရှက်သွားပေမဲ့ လေဆိပ်မှာ သူ့အဖေကို မြင်လိုက်ရတဲ့အတွက် ပျော်စရာအခိုက်အတန့်ကို ရခဲ့တယ်လို့ ကော့တ်နေးက ဆိုပါတယ်။
ဟိုအရင်က သူ့အဖေက အနက်ရောင်ဝတ်စုံဝတ်ဆင်ပြီး “KC welcomes Miranda Lambert” ဆိုတဲ့စာသားနဲ့ဆိုင်းဘုတ်ကို ကိုင်ပြီး လေဆိပ်လာကြိုခဲ့ပါတယ်။
နောက်တစ်ခေါက်က “Kardashian” ဆိုတဲ့ ဆယ်လီနာမည်နဲ့ ဆိုင်းဘုတ်ကို ကိုင်ပြီး လာကြိုခဲ့ပြန်ပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းကတော့ ကော့တ်နေးက Thanksgiving မတိုင်ခင် အိမ်ကို ပြန်လာတဲ့အခါမှာ သူ့အဖေက “Welcome to KC, Miss Oregon, Courtney Payne” ဆိုတဲ့ ဆိုင်းဘုတ်နဲ့ လေဆိပ်ကို လာကြိုခဲ့ပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေက ကော့တ်နေးကို အဲဒီအဖေမျိုးရတာကောင်းကြောင်း၊ အိမ်ပြန်လာတိုင်း အဲဒီလိုကြိုဆိုတဲ့ ဖခင်ရှိတဲ့အတွက် ကံကောင်းကြောင်း ပြောခဲ့ပါတယ်။
Leave a Reply