
သစ္စာမရှိတဲ့ချစ်သူနဲ့လမ်းခွဲလိုက်ပြီဆိုတာကို လမ်းမကြီးဘေးမှာ ဆိုင်းဘုတ်တပ်ပြီး ကြော်ငြာခဲ့တဲ့ အမျိုးသား
အမျိုးသားတစ်ဦးဟာ သူ့ချစ်သူကောင်မလေးက သူ့အားလိမ်လည်လှည့်စားနေတာကို သိသွားလိုက်ရတဲ့အခါ သူမနှင့်ပတ်သက်တဲ့ဆက်သွယ်မှု အားလုံးကို ဖြတ်တောက်ပစ်လိုက်ပါတယ်။ထို့နောက် အဆိုပါအမျိုးသားဟာ သစ္စာမရှိတဲ့ သူ့ရဲ့ချစ်သူကောင်မလေးနှင့်သူက လမ်းခွဲလိုက်ပြီဖြစ်ကြောင်းကို လူသိထင်ရှားကြော်ငြာဖို့ လမ်းသွားလမ်းလာတွေများတဲ့လမ်းမပေါ်ရှိ ကြော်ငြာဆိုင်းဘုတ်တစ်ခုကို အဆိုပါအသည်းကွဲနေတဲ့အမျိုးသားကြီးက ငှါးရမ်းခဲ့ပါတယ်။
ကြော်ငြာဆိုင်းဘုတ်ဌားခဲ့တဲ့အပြင် အဆိုပါအမျိုးသားဟာ လော်လန်စက်ဖြင့်လည်း အော်ပြီး ကြေငြာခဲ့ပါသေးတယ်။ထုံးစံအတိုင်း ၎င်းအဖြစ်အပျက်ရဲ့ဗီဒီယိုကလစ်က social media ပေါ်မှာ ပျံ့နှံ့သွားကာ လူသိများသွားခဲ့ပါတော့တယ်။၁၅ စက္ကန့်ကြာတဲ့ဗီဒီယိုကလစ်ထဲအရ အဆိုပါအမျိုးသားနှင့်ချစ်သူကောင်မလေးတို့ဟာ ကြောငြာဆိုင်းဘုတ်မျက်စာင်းထိုးရဲ့လမ်းဆုံနားမှာ နှစ်ယောက်သား ဒေါသတကြီးနဲ့ စကားများနေခဲ့ကြပါတယ်။
ထို့နောက် အပြာရောင်ရှပ်င်္အကျီဝတ်ဆင်ထားတဲ့လူတစ်ယောက်က ထိုစုံတွဲထံ ချဉ်းကပ်ပြီး သူတို့ရဲ့ပြဿနာကို ကူပြီး ကြိုးစားဖြေရှင်းပေးနေခဲ့ပါတယ်။အသည်းကွဲတဲ့အခါခံစားရတဲ့နာကျင်မှုကိုနားလည်နိုင်ပေမဲ့လည်း အဆိုပါအမျိုးသားရဲ့လုပ်ရပ်က လူများစွာကို အံ့အားသင့်သွားစေခဲ့ပါတယ်။အင်တာနက်အသုံးပြုသူအချို့က ထိုစုံတွဲရဲ့အဆုံးသတ်လိုက်ခြင်းကို ချီးကျူးဂုဏ်ပြုခဲ့ပေမဲ့ လူများစွာက ၎င်းအဖြစ်အပျက်ဟာ လူအများကအာရုံစူးစိုက်အောင်ကြံဖန်လုပ်ဆောင်တယ်လို့လည်း ထင်မြင်ချက်ပေးခဲ့ကြပါတယ်။
ထို့နောက် ၎င်းက တကယ့်အဖြစ်အပျက်ဖြစ်ပြီး ဟန်ဆောင်ထားတာမဟုတ်ကြောင်း အင်တာနက်အသုံးပြုသူတစ်ဦးက အခိုင်အမာပြောဆိုနေခဲ့ပြန်ပါတယ်။အချစ်ကြီးရင် အမြတ်ကြီးတယ်လို့ဆိုတဲ့အတိုင်း အချစ်နဲ့မကင်းတဲ့သူတိုင်းက အသည်းကွဲရင် စိတ်လိုက်မာန်ပါတွေ လုပ်တတ်တာတော့ အမှန်ပါ။
Leave a Reply