သခင်နှင့်အပြင်သွားတိုင်း maskတပ်ဖို့ အမြဲသတိတရရှိတဲ့ ခွေးလိမ္မာလေး

လက်ရှိကာလမှာ လူတွေဟာ ကိုဗစ်ကာကွယ်ရေးစည်းကမ်းတွေကို တင်းတင်းကျပ်ကျပ်မလိုက်နာဘဲ အလွယ်လိုက်နေကြပေမဲ့ ရောဂါရဲ့ခြိမ်းခြောက်မှုက အလွန်အမင်းနီးကပ်နေဆဲဖြစ်ပြီး ၎င်းကို ကျွန်တော်တို့မမေ့ထားသင့်ပါဘူး။ရောဂါဖြစ်ပွါးမှုနှုန်းက အတက်အကျဖြစ်နေပေမဲ့ အပြင်ထွက်တဲ့အခါ ပေါ့သေးသေးတွေးပြီး maskမတပ်ဘဲ နေကြတဲ့လူတွေကို တွေ့ကြမှာပါ။

သူတို့အားလုံးအား Fatty Ong ဆိုတဲ့ဒီခွေးလေးဆီမှာ သင်ခန်းစာယူခိုင်းသင့်ပါတယ်။မလေးရှားနိုင်ငံ Negeri Sembilan ပြည်နယ် Bahau မြို့မှာနေထိုင်ပြီး Zhang Shihua အမည်ရှိတဲ့ဥယျာဉ်ခြံလုပ်သားနှင့် သူ့ခွေးလေး Fatty Ong တို့ဟာ လက်ဖက်ရည်သောက်ဖို့ ဆိုင်ကယ်စီးရင်း အပြင်သွားတဲ့အခါ လူအများရဲ့အာရုံကို ဖမ်းစားနေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Fatty Ong ဟာ အရမ်းနာခံမှုရှိတဲ့အပြင် mask တပ်ရင်း သခင့်ကို ဆိုင်ကယ်ပေါ်စောင့်နေခဲ့လို့ပါ။

Sin Chew Daily သတင်းအရ Zhang ဟာ လက်ဖက်ရည်ဆိုင်ထဲဝင်သွားတဲ့အခါ Fatty Ong လေးက ဆိုင်ကယ်ပေါ်စောင့်ရင်း သက်တော်စောင့် ပုံစံနဲ့ လူအများကို ဓာတ်ပုံရိုက်ချင်သွားအောင် ဆွဲဆောင်နေခဲ့ပါတယ်။ အဆိုပါမြို့ငယ်လေးမှာ Zhang နဲ့ Fatty Ong တို့ရဲ့သတင်းမွေးနေခဲ့ပါတယ်။တစ်ခါတစ်ရံ Fatty Ong က maskကို သူ့လက်နဲ့ ဖယ်ပစ်ဖို့ ကြိုးစားတိုင်း Zhangက ဆိုင်ကထွက်လာပြီး mask ပြန်တပ်ပေးတတ်ပါသေးတယ်။

COVID-19 ကပ်ရောဂါကြောင့် Zhangက သူ့ခွေးလေးကို ဇွန်လမှစပြီး maskတတ်ဖို့ လေ့ကျင့်ပေးခဲ့ပေမဲ့ အစပိုင်းမှာ ချောချောမွေ့မွေ့မဖြစ်ခဲ့ရပါဘူး။သူဟာ Fatty Ongကို maskတပ်ပေးဖို့ ကြိုးစားတဲ့အခါ ခွေးလေးက သူ့ကို ပြန်ဟောင်တာ ၊ ပြန်ကိုက်တာတွေ လုပ်ခဲ့ပါတယ်။အဲ့ဒီနောက် ပြန်ကိုက်တတ်တဲ့ခွေးလေးအတွက် အပြစ်တစ်ခုအနေနဲ့ Zhang ဟာ သူအပြင်ထွက်တိုင်း ခွေးလေးကို ခေါ်မသွားဘဲ ထားခဲ့တာကြောင့် သခင်ပျောက်ပျောက်သွားမှန်းသိနေခဲ့တဲ့ Fatty Ong လေးက နောက်ဆုံး ဆိုင်ကယ်အတူစီးဖို့အတွက် mask တပ်ဖို့ သဘောတူလက်ခံခဲ့ရပါတယ်။

Zhangက maskကို ကောက်တပ်လိုက်တာနဲ့ Fatty Ong က ဆိုင်ကယ်ပေါ်ခုန်တက်ပြီး ဝမ်းမြောက်ဝမ်းသာစွာနဲ့ လိုက်စီးပါတော့တယ်။လက်ရှိမှာ Fatty Ong လေးဟာ နာခံမှုအရှိဆုံးခွေးလေး နှင့် COVID-19 ကာကွယ်ရေးစည်းကမ်းတွေကို မလိုက်နာတဲ့လူတွေအတွက် စံပြနမူနာဖြစ်နေခဲ့ပြီး social media မှာလည်း ရေပန်းစားလျက်ရှိနေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*