မရပ်မနားဆိုးနေတဲ့ ချောင်းကို ဘယ်လို သက်သာအောင် လုပ်မလဲ?

တဟွတ်ဟွတ်ဆိုးနေတဲ့ ချောင်းဆိုးခြင်းကို သက်သာစေဖို့ဆိုတာ…

ယောင်းတို့ရေ ခုဆို တုပ်ကွေးရာသီလေးကလည်း စလာပြီဆိုတော့ ရာသီအပြောင်းမှာ ဆိုးတဲ့ တုပ်ကွေးချောင်းကလည်း မေ့ထားလို့ မရဘူးလေ။ “အောင့်ထားလို့မရတာ အချစ် နဲ့ချောင်းပဲ ရှိတယ်”ဆိုသလို ချောင်းများဆိုးချင်လာပြီဆိုရင် လူကြားထဲလည်း မရှောင် ဆိုးလိုက်ရမှ နေသာထိုင်သာရှိတာကိုး။ ဒီလို မအောင့်နိုင်ဘူးဆိုတာကလည်း ချောင်းဆိုးတယ်ဆိုတာ ချွဲတို့ ဖုန်မှုန့်တို့ကို အဆုတ်ထဲ မရောက်အောင် တားပေးထားတဲ့ ခန္ဓာကိုယ် တုံ့ပြန်မှုလေးပါပဲ။ ချောင်းဆိုးရတဲ့ အကြောင်းရင်းတွေ ရှိပါတယ်။

၁) လည်ချောင်းရှင်းဖို့ဆိုးတာ

လည်ချောင်းလေပြွန်တစ်လျှောက်မှာ ဖှုန်အမှုန်တွေ ရှိနေတဲ့အခါ ဒီအမှုန်တွေထွက်ဖို့ ချောင်းဆိုးတာပါ။

၂) အအေးမိလို့ချောင်းဆိုးတာ

ဒီရာသီမှာအဖြစ်များနေတဲ့ အအေးမိချောင်းဆိုးခြင်းကတော့ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး တစ်ပတ်လောက်ထိ ချောင်းဆိုးတတ်ပါတယ်။

၃) ဆေးလိပ်သောက်လို့ ချောင်းဆိုးတာ

ဆေးလိပ်သောက်လို့ ဆိုးတဲ့ချောင်းကတော့ လချီပြီး ဆိုးတတ်ပြီး သလိပ်ထွက်တတ်ပါတယ်။

၄) ဆေးတချို့ကြောင့် ချောင်းဆိုးတာ

ACEI အနွယ်ဝင် သွေးကျဆေးတွေကြောင့်ချောင်းဆိုးတာမျိုးလည်းရှိတာမို့ ကိုယ်သောက်နေတဲ့ဆေးတွေရှိရင်လည်း ဆရာဝန်ပြပြီး ဆွေးနွေးဖို့ မမေ့နဲ့နော်။

၅) နှလုံးကြောင့် ချောင်းဆိုးတာ

တချို့နှလုံးရောဂါအခံရှိသူတွေအတွက် ချောင်းဆိုးရင် သတ်ထားပါလို့ ပြောချင်ပါတယ်။ နှလုံးရောဂါရှိသူတွေချောင်းဆိုးတာဟာ နှလုံး ရောဂါဖောက်ခြင်းရဲ့လက္ခဏာတစ်ခုဖြစ်နိုင်လို့ပါ။

၆) အဆုတ်ထဲ ဘက်တီးရီးယားပိုးဝင်လို့ချောင်းဆိုးတာ

အဆုတ်ပွ၊ အဆုတ်ယောင်ဖြစ်စေတဲ့ ပြင်းထန်ဘက်တီးရီးယားပိုးတွေကလည်း ချောင်းဆိုးခြင်းကို ဖြစ်စေပါတယ်။ ပိုးကြောင့်ချောင်းဆိုးမယ်ဆိုရင် အများအားဖြင့် သလိပ်ထွက်ပြီး သလိပ်က အဝါရောင်ရှိတတ်ပါတယ်။

ရာသီချောင်းဆိုးကို သက်သာစေဖို့ဆိုရင် ရာသီချောင်းဆိုးအများစုက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာမို့ပိုးသတ်ဆေးသောက်ဖို့မလိုတတ်ပါဘူး။

_ ရေများများသောက်ပေးမယ်။

_ ခေါင်းအုံးမြင့်မြင့်လေး အုံးပေးမယ်။

_ ချောင်းဆိုးပျောက်ဆေးလေး သောက်ပေးမယ်။

_ ဆားရေနွေးလေးနဲ့ ပလုတ်ကျင်းပေးမယ်။

_ ဖုန်တွေ၊ အမှုန်တွေ နဲ့ ဝေးဝေးရှောင်မယ်။

_ ပျားရည်၊ ချင်းပြုတ်ရည်တွေနဲ့ လည်ပင်းရှင်းပေးမယ်။

ဒါလေးတွေ လုပ်ပေးမယ်ဆိုရင် အိမ်မှာပဲ ချောင်းဆိုးသက်သာသွားနိုင်ပါတယ်။

ဒါပေမဲ့ ချောင်းဆိုးတာ ရက်ကြာနေမယ်၊ အဖျားကြီးမယ်။ ရင်ကျပ်ခြင်းနဲ့ တွဲဖြစ်မယ် ဆိုရင် ဘက်တီးရီးယားပိုး ကြောင့် အဆုတ်ယောင်တာ၊ တီဘီပိုးဖြစ်တာတွေလည်း ဖြစ်နိုင်လို့ မပေါ့ဆဘဲ ဆေးခန်းပြ ဆွေးနွေးရပါမယ်နော် ယောင်းတို့ရေ။ ကိုယ်ချောင်းဆိုးနေတာ ဘာကြောင့်လဲဆိုတာ ဆန်းစစ်ကြည့်ရင်း ဆောင်ရန်ရှောင်ရန်လေးတွေကို သိလောက်ပြီထင်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*