တစ်နှစ်ကို ဒေါ်လာသန်းချီရတဲ့ မော်ဒယ်ဘဝကနေ အိမ်ရာမဲ့ဖြစ်ခဲ့ပြီး လမ်းပေါ်အိပ်စက်နေရသူ

တစ်ချိန်တုန်းကတော့ နက်စတာရှာအာဘာနို(Nastasia Urbano)ဟာ တစ်နှစ်ကို ရက် ၂၀ လောက် အလုပ်လုပ်ရုံနဲ့ ဒေါ်လာသန်းချီရတဲ့ ထိပ်တန်းမော်ဒယ်တစ်ယောက်ပါ။ စပိန်နိုင်ငံသူ အာဘာနိုဟာ အသက် ၂၀ အရွယ်တုန်းက ဥရောပရဲ့ ထိပ်တန်းမဂ္ဂဇင်းဖြစ်တဲ့ Vogue မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင်မော်ဒယ်ဖြစ်ခဲ့သူပါ။

နယူးယော့ခ်မြို့ကို ပြောင်းရွှေ့လာချိန်မှာလည်း နာမည်ကျော် မော်ဒယ်အေဂျင်စီဖြစ်တဲ့ ဖို့ဒ်မော်ဒယ်အေဂျင်စီက သူ့ကို စာချုပ်ချုပ်ခဲ့ပါတယ်။ ဥရောပမှာတင်မက အမေရိကမှာပဲ အောင်မြင်တဲ့ မော်ဒယ် အာဘာနိုဟာ ၁၉၈၀ ပြည့်နှစ်တွေအတွင်း ဂျက်နီချိုဆန်(Jack Nicholson)၊ အန်ဒီဝါဟိုး(Andy Warhol)စတဲ့ နာမည်ကျော်မင်းသားတွေနဲ့ ညစာစားခဲ့သူပါ။ ရိုမန်ပိုလန်စကီး(Roman Polanski)လို ထိပ်တန်းမင်းသား၊ ဒါရိုက်တာကြီးနဲ့တောင် ညစာစားခဲ့ဖူးပါတယ်။

သူ့ဘဝအတွက် ကံဆိုးမှုတွေ အစပြုခဲ့တာကတော့ လူတစ်ယောက်ကို ချစ်မိခဲ့တာပါ။ နောက်ပိုင်းမှာ သူ့ခင်ပွန်းဖြစ်လာမယ့် အဲဒီသူကို အာဘာနိုက လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးခဲ့ပါတယ်။ အဲဒီသူက BMW ကား ဝယ်ချင်တယ်ဆိုတော့ သူက ချက်လက်မှတ် ရေးပေးခဲ့ပါတယ်။ သူတို့နှစ်ယောက် သားသမီးတွေ ထွန်းကားခဲ့ပေမဲ့ အာဘာနိုရဲ့ ငွေကြေးစည်းစိမ် ကုန်ခန်းလာချိန်မှာတော့ အဲဒီသူက သူ့ကို အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ စွန့်ပစ်ထားခဲ့ပါတယ်။

အဲဒီအတွက်ကြောင့် အာဘာနိုဟာ စိတ်ကျရောဂါခံစားခဲ့ရပါသေးတယ်။ အိမ်ငှားနေခဲ့ရတဲ့ အာဘာနိုဟာ အိမ်ငှားခမပေးနိုင်လို့ အိမ်ရှင်တစ်ယောက်ပြီး တစ်ယောက်က သူ့ကို အိမ်ပေါ်က မောင်းချခဲ့ပါတယ်။ အခုအခါမှာတော့ အိမ်ရာမဲ့ဘဝရောက်နေတဲ့ အာဘာနိုဟာ စပိန်နိုင်ငံ ကာတာလန်ဒေသရဲ့မြို့တော် ဘာစီလိုနာမြို့မှာ လမ်းပေါ်အိပ်စက်နေရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*